Print
News and Activities
Hits: 2033

စစ်တွေ ( သြဂုတ်လ ၂ ရက်၊ ၂၀၁၉ ခုနှစ်)


မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံမှုကို ၂၀၃၀ ပြည့်နှစ်၌ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အတွင်း ထောက်ပံပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) စီမံချက် အကြောင်း အသိပေးဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ(၂)ရက်၊ နံနက် (၉)နာရီ အချိန်တွင် စစ်တွေဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အသိပေးဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေး ရံပုံငွေရရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) စီမံချက်မှ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မြို့နယ်များတွင် ဆောင်ရွက်မည့် ကျန်းမာရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှလည်း တင်ပြချက်များအပေါ် ဆွေးနွေးမှုများ ပြုလုပ်ပြီး နံနက် (၁၁:၃၀) နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဒုတိယ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ ခေါင်းဆောင်ဆရာဝန်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ UNOPS အဖွဲ့မှ Head of Program၊ Program Team Leader ၊ Monitoring and Evaluation Specialist ၊ NGOs/INGOs မှ တာဝန်ခံများ စုစုပေါင်း (၆၀) ဦးခန့်တက်ရောက်ကြပါသည်။

သတင်းနှင့် ဓာတ်ပုံ - #MoHS မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။